Friday 15 July 2011

ဆရာတော်နှင့် ဗမာ့နိုင်ငံရေး

၁၉၁၁-၁၉၁၂ ခုနှစ်၌ ဦးဥတ္တမသည် ဗမာပြည်သို့ ပြန်ရောက်လာလေပြီး၊ ထိုသို့ ပြန်ရောက်လာသောအခါ သူရိယသတင်းစာကလေးတစ်စောင်ကို ဦးဘဖေတို့က ထုတ်ဝေနေကြသည်။

ဝိုင် အမ်၊ဘီ၊အေ အသင်းကလည်း ပညာတတ်ဦးအောင် (၀တ်လုံတော်ရ) နှင့်ဦးမုံး (ပညာဝန်) တို့ကို အရပ်ရပ်သို့လှည့်လည်စေ၍ အသင်းခွဲများဖွင့်ပြီး တနှစ်တကြိမ် ကွန်ဖရင့်များ ပြုလုပ်ခါစပင်ရှိသေး၏။

ထိုအချိန်၌ မန္တလေးဝိုင်အမ်ဘီအေနှင့် ပရိတ္တိ သာသနာ့နုဂ္ဂအသင်းတွင် လူကြီးတစ်ဦးဖြစ်သူ ဦးကျော်ရန်သည် မန္တလေး၌မြန်မာပညာရှိတစ်ဦးအနေဖြင့် အတော်ထင်ရှားပြီး “မြန်မာတာရာ” ဟူသော သတင်းစာကို ထုတ်ဝေလျက်ရှိလေသည်။

ဆရာတော်ဦးဥတ္တမ၏ အကြောင်းကိုကား ၀ိုင်းအမ်ဘီအေ အသင်းလူကြီးများက အတော်ပင်အရေးတယူပြုလျက် ရှိကြရာ မြန်မာထဲက ဂျပန်ပြည် ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပရော်ဖက်ဆာအဖြစ်နှင့် ဆောင်ရွက်ခဲ့ပြီး ဘာသာမျိုးစုံကို ကောင်းစွာကျွမ်းကျင် နားလည်သဘောပေါက်သော ဆရာတော်တစ်ပါးဟူ၍ မြန်မာတာရာသတင်းစာက ထည့်သွင်းဖော်ပြပြီး ဦးကျော်ရန်ကပင်လျှင် မန္တလေးသို့ကြွလာရန် ပင့်ခေါ်သွားပြီး ပညာရေး၊ နိုင်ငံရေးစသည့်တို့ကို ဆွေးနွေးပြီးလျှင် သတင်းစာမှ ဦးဥတ္တမ၏ ဟောပြောချက်အချို့ကို ထည့်သွင်းဖော်ပြလေသည်။ သို့ဖြင့်ပင် အရှင်ဦးဥတ္တမသည် ဗမာပြည်တွင် အသင့်အတင့်မျှ ထင်ပေါ်လာခဲ့သော်လည်း လူသိကားမများလှခေ။

အင်္ဂလိပ်အစိုးကသာလျှင် သွားလေရာစုံထောက်များ လိုက်ပါစေလျက် ချောင်းမြောင်းအကဲခတ်လျက် ရှိနေလေသည်။

ဆရာတော်ဦးဥတ္တမကလည်း နိုင်ငံရေးနှင့်စပ်လျဉ်းဟောပြောခဲ့သော် ထိုအချိန်က မည်သူမျှလက်ခံဦးမည်မဟုတ်ရာ၊ ဗမာပြည်၌ အတော်အတန် နယ်လှည့်ပြီးနောက် ၁၉၁၂-ခုနျစ် တွင် ဂျပန်သို့ပင် ပြန်သွားလေတော့သည်။

ဂျပန်သို့ပြည်သွားရာ၌လည်း ရည်ရွယ်ချက် မရှိဘဲမဟုတ်။

ဆရာတော်သည် သူ၏နှမအငယ်ဆုံး မအိမ်စိုးနှင့် ဗမာလူငယ်ကလေး ၃-ယောက်ကို ဂျပန်ပြည်၌ ပညာသင်ပေးရန် ခေါ်ယူသွားခြင်းဖြစ်သည်။

ဂျပန်ပြည်အကြောင်းကို ထိုစဉ်ကအထူးစိတ်ဝင်စားကြသဖြင့် စာအုပ်ရေးသားထုတ်ဝေရန် ဦးထွန်းအောင် (ရန်ကုန်ဆေးရုံကြီး) နှင့် ပြည်မြို့အစိုးရဟိုက်စကူးကျောင်း ဆရာကြီးဦးစံရွှေ (အမ်အေ-၀တ်လုံတော်) တို့ တောင်ပန်သည့်အတိုင်း ၁၉၁၂-ခုဂျပန်ပြည်သို့ ပြည်သွားပြီးနောက် ထိုစာအုပ်ကို ဂျပန်ပြည်တွင် ရေးသားစုဆောင်းပြီး ဂျပန်တို့ လုံ့လ၀ိရိယရှိပုံ၊ ပညာကိုကြိုးစားပုံနှင့် ကောင်းသောအပိုင်းတို့ကို အားကျဖွယ်ရာ ရေးသားထားသည်။

ထိုခေတ်က သူရိယသတင်းစာတိုက်ကပင် ရိုက်နှိပ်ပြီး သူရိယကပင် ရောက်ချခဲ့သည်။ သို့တွက်ပင် ဆရာတော်နျင့် သူရိယဦးဘဖေ၊ ဦးလှဖေတို့မှာ အတော်ပင်ရင်းနှီးပြီးလျှင် ၁၉၁၉-ခုနှစ် ဂျပန်မ၄ှ တစ်ခေါက်ပြည်သောအခါ ဆရာတော်ကို နေ့အချိန်တွင် ဆူးလေဘုရားလမ်း သူရိယသတင်းစာတိုက်တွင် အများအားဖြင့် တွေ့နေရပေသည်။

စာရေးဆရာကြီးတစ်ဦးက အယ်လစ္စန္ဒြာဟယ်မိလတန်၏ အတ္တုပ၌တိကို ရေးသားရာတွင် လူမျိုး တမျိုးနှင့် လူတဦး၏ ကြီးပွားတိုးတက်မှုသည် သစ်ပင်နှင့်သစ်ခေါက်ကဲ့သို့သာ ၇ှိသင့်၏။

ကျောင်းသားကလေးတစ်ယောက်၏ ကုတ်အင်္ကျီကဲ့သို့ နောက်တစ်နှစ်၊ နှစ်နှစ်ရှိသောအခါ အင်္ကျီကတို လူကကြီးသော အဖြစ်မျိုးနှင့်မတူအပ်ဟူ၍ ဖော်ပြဖူးသည်။

သစ်ပင်ကြီးမြင့်သလောက် သစ်ခေါက်ကလည်း ရင့်ရော်ထူထဲ၍ လာခြင်းသာလျှင် သဘာဝကျသော တိုးတက်ခြင်းဟူ၍ ဆိုအပ်သည်ဟုဖော်ပြသည်။ တိုးတက်ကြီးပွားမှုသည် ရေမြင့်လျှင်ကြာမြင့်သကဲ့သို့ အဆင့်အတန်းညီသော အောက်ခြေ ခိုင်မြဲမှုကို လိုအပ်သည်ဟု ဆိုထားခဲ့သည်မှာ မှတ်သားထိုက်သော စကားတစ်ရပ်ပင်ဖြစ်သည်။

ဆရာတော်ဦးဥတ္တမသည် သူနားလည်သမျှ၊ သူတတ်သိသမျှနှင့် ဗမာပြည်တစ်လျှောက်ကိုလျှောက်၍ ဟောပြောနေသော်လည်း ခရီးရောက်သင့်သလောက်ရောက်မည် မဟုတ်ပေ။

အဆင့်အတန်းချင်းမှာ ကွာခြားပြီး မိမိ၏တရားစကားတို့ကို လူများလက်ခံနာယူမည် မဟုတ်ဟူ၍ သိရှိပြီးဖြစ်ရာ ပထမခြေလှမ်းအဖြစ် သူရိယသတင်းစာမှ ခေါင်းကြီးပိုင်းနှင့် အခြားဆောင်းပါးတို့ကို ကူညီရေးသားပေးလျက် ရှိနေလေသည်။

အများဆုံးရေးသားသော အကြံပေးချက်များကား ၀ံသာနုရက္ခိတတရားကို မြန်မာများ စောင့်စည်းဖို့ရာနှင့် နိုင်ငံခြားအ၀တ်အထည်တို့ကို တတ်နိုင်သလောက်ပင်ရှားပြီးလျှင် အမျိုးသားများကိုယ်တိုင် ရက်လုပ်သော ၀ံသာနုပင်နီနှင့် ယောထမီကိုသာ ဆင်းမြန်းကြရန် လှုံ့ဆော်ချက်များဖြစ်သည်။

ထိုအခါက ကမာရွက်ရပ်ကွက် ကောင်းခန်းတစ်ခန်းတွင် တပါးတည်းနေပြီး ဦးဥတ္တမအားတွေ့လို၍ လာလျှင် တိုင်းရင်းဖြစ်ကို ၀တ်သူမှသာလက်ခံစကားပြော၏။

သို့သော်လည်း လူများနှင့်ဘုန်းကြီးများက ဦးဥတ္တမအား သာမန်နိုင်ငံရေးဘုန်းကြီးတပါးဟူ၍ အသိအမှန်ပြုပြီး သွားလာပေါင်းသင်းသောရဟန်းသံင်္ဃာ တော်တော်ပင်နည်းပါးခဲ့၏။

၁၉၁၈-ခုနှစ်မှ စပြီး ဗမာ့နိုင်ငံရေး အခြေအနေကား တော်တော်ပင်ပြောင်းလဲလာခဲ့သည်။

ပထမကမ္ဘာစ်ကြီး၌ ဂျမန်နှင့်အင်္ဂလိပ် အကြီးအကျယ်တိုက်တိုင်း ဂျမန်တို့က အရေးသာနေသည်ကိုသာ တွေ့လိုမြင်လိုကြရာ သတင်းစာဝယ်သူဖတ်သူ တော်တော်ကလေးများလာသည့်အတိုင်း သူရိယသတင်းစာသည်လည်း အခါအခွင့်ရသလောက် တော်တော်ကြိုးစား၍ အမျိုးသားမျက်လုံးကို ဖွင့်ပေးလျှင်ရှိလေသည့် ၁၉၁၄-ခုမှ ၁၈-ခု ပထမကမ္ဘာစစ်ကြီးအတွင်းမျာပင် မြန်မာ့အလင်း၊ ပညာအလင်းဟူသော ရက်ခြားသတင်းစာနှစ်စောင် ထပ်မံပေါ်လာပြီးလျှင် နိုင်ငံရေးကို ရေးသားစပြုလာခဲ့ကြရာ ၀ိုင်၊ အမ်၊ ဘီ၊ အေ အသင်းမှာလည်း လူကြီးပိုင်းနှင့် လူငယ်ပိုင်းဟူ၍ နှစ်ပိုင်းပေါ်ထွက်လာသည်။

လူကြီးပိုင်းတွင် အမတ်ဦးဘကူ၊ ဦးဘိုးသာ၊ ဦးသင်းဟူ၍ သုံးဦးတို့က ထင်ပေါ်လာကြလျှက် လူငယ်ပိုင်းတွင် ဦးဘဖေ၊ ဘိလပ်မှ ပြန်လာစဖြစ်သော ၀တ်လုံတော်ရ ဦးသိမ်းမောင်၊ ဦးချစ်လှိုင်တို့ကတဖက် အတိုက်အခံဖြစ်ခဲ့ကြရသည်။

ဘုရင်ခံဆာရယ်ဂျီနယ် ကရက်ဒေါက်ကလည်း လူကြီးပိုင်းမှ ၃- ဦးအား အတိုင်ပင်ခံ အမတ်ကြီးများအဖြစ် ခန့်ထားလျက် လူငယ်ပိုင်း၏ ထကြွနိုးကြားမှုကို အဆင်သင့်သလို နှိမ်နင်းရန် ဥပဒေများ အမျိုးမျိုးပြုပြင် ပေးလေရာ အဆိုးဝါးဆုံးဥပဒေမှာ ထိုအထိန်က သတင်းစာဖြစ်စေ၊ ဂျာနယ်ဖြစ်စေ ထုတ်ဝေလျှင် အာမခံငွေ (၃၀၀) တင်ရမည်ဟူ၍ ပထမ ပညတ်ချက် ပင်ဖြစ်လေသည်။

ထိုအခါက နောက်ထပ်ပေါ်လာသော သတင်းစာနှင့် ဂျာနယ်ကလေးများမှာ အာမခံ မတင်နိုင်၍ တော်တော်များများ ပိတ်လိုက်ရလေရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာအလင်းနှင့် ဗန္ဓုလဂျာနယ် ၄- စောင်သာ ရန်ကုန်မြို့တွင် ကျန်နေတော့သည်။

၁၉၂၁-ခုနှစ်တွင် ဝေလမင်းသား (ယခု နန်းစွန့် ဘုရင် အက်ဒွပ်ဝင်ဆာမြို့စားကြီး) ဗမာပြည်သို့ အလည်လာမည်ဖြစ်ရာ မန္တလေးမြို့ ၉- ကြိမ်မြောက် ဂျီ၊ စီ၊ ဘီ၊ အေ နှစ်ပတ်လည် အစည်းအဝေးကြီးက ဝေလမင်းသားအား သပိတ်မှောက်ရန် ဆုံးဖြစ်ပြန်သည်။

၁၉၂၀- ခုနှစ် ပြည်မြို့၌ကျင်းပသောဝိုင၊ အမ်၊ ဘီ၊ အေ နှစ်ပတ်လည်ကွန်ဖရင့်စပြီး ၀ိုင်၊ အမ်၊ ဘီ၊ အေ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းများ၏ အသင်းချုပ်ကို ဂျီ၊ စီ၊ ဘီ၊ အေ ( ဂျင်နရယ် ကောင်စီအော့ ဘားမီး အဆိုစီအေးရှင်း) ဟု နိုင်ငံရေးအသင်းချုပ်ကြီးအသွင်ကို လုံးဝပြောင်းလဲလိုက်လေပြီး။

၁၉၁၉-ခုနှစ် ပုသိမ်ကွန်ဖရင့်ကစပြီး မော်လမြိုင်မြို့ သိန်းပေါင်းများစွာကြွယ်ဝပြီး မျိုးချစ်စိတ်တကယ်တန်းရှိသော လူငယ်ဝတ်လုံတော်ရ ဦးချစ်လှိုင်အား ဥက္က္ထဌအဖြစ် တင်မြှောက်ခဲ့သည်။ ဂျီ၊ စီ၊ ဘီ၊ အေ ဟူသော အမည်ကို ရဲရဲတောက် သတ္တိဗလနှင့် ပြည့်စုံသူ ၀တ်လုံတော်ရ ဦးစိတ်လှအောင်က ရွေးချယ်ပြီး အဆိုတင်သွင်းခဲ့၍ ထိုပြည်မြို့ (၈) ကြိမ်မြောက် ကွန်ဖရင့်မှ စပြီးလျှင် သင်္ဃာတော်များကို ဘေးချိန်မထားဘဲ ပင့်ခေါ်၍ ဆွေးနွေးတိုင်ပင် လာကြလေသည်။

၎င်းပြည်မြို့ ကွန်ဖရင့် မတိုင်မှီကလေးပင် သူရိယသတင်းစာမှ နေ၍ ရဟန်းနှင့်လူများသည် ကွဲကွာကောင်းသည် မဟုတ်ဟူသော လှုံ့ဆော်ချက် ဘုရားဟော တရားကလေးများနှင့် ရေးသားသည်ကို တွေ့ရသည်။